Thursday, January 18, 2018

မီးဖိုချောင်ထဲက အိမ်ဘယ်​နှစ်​လုံးရှိလဲ



ခက်တာက အဲဒီအခန်းထဲမှာ ၀င်လိုက်တယ်ဆိုတာကို အခန်းကသိမနေတာပဲ။ ဆိုဖာက အိပ်မက်တစ်ခုနီးနီးဖြစ်တယ်ပဲထားအုံးတော့ ကြမ်းပြင်ပေါ်က အိမ်တွင်းစိုက် အုန်းပင်လိုလိုခြေထောက်တွေဖြစ်လာတာ။ အားလုံးကို တစ်စုတစ်စည်းတည်း ဘယ်လိုခေါ်မလဲလို့ ကြိုစဉ်းစားဖူးလား။ တကယ်တမ်းက အသက်ရှုသွင်းမှုနဲ့ရှုထုတ်မှုကြားမှာ ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်ကို မီးဖိုချောင်ကနေ လှမ်းမမြင်နိုင်တာပဲ။ ကြမ်းတိုက်ဝတ်ပေါ်မှာ ရယ်သံတွေကို လိုက်ကောက်ရဖို့ မျှော်လင့်ကြည့်ပေါ့။ တစ်စုံတစ်ခုကတော့ တစ်နေရာရာမှာ ရှိနေစမြဲပါ။ အဲဒီနောက်က ဒီဆိုင်အကြောင်းကို သတိရဖို့အတွက် နေ့ဟာညဖြစ်လာပြီ၊ စာအုပ်စင်နဲ့ပတ်သက်တာမှန်သမျှက ဓားအဖြစ်နဲ့ ခြောက်လတာကာလအတွင်း ရှေ့နေခေါ်ပြီးတိုင်ပင်ချေပြီ။ ဒါကလည်း စနေနေ့မို့ဖြစ်ရိုးဖြစ်စဉ်လို့ လေးခုမြောက်ကမ္ဘာမှာ သတ်မှတ်ချင် သတ်မှတ်ကြည့်လိုက် အခြားနေရာမှာ ပြောင်းရွေ့နေထိုင်ခြင်းဟာ အိမ်ရဲ့အရိပ်ထဲကို တိုးဝင်ဖို့ကြိုးစားခြင်းပါပဲလို့ တောက်ပထိန်လင်းနေ အောင် အမှောင်တစ်ခုကို ချိတ်ဆွဲထားလို့ရတာပဲလေ။ ထိခိုက်ရှလွယ်ဖြစ်တဲ့ သံဇကာပေါက်တွေကနေ အကြိမ်ကြိမ်ဝင်ရောက်ဖို့ကြိုးစား နေတဲ့ ဖုံးဖိခံထားရသောအဆုံးအမဲ့လေပြေတွေကို ဟင်းရွက်လှီးသလို ခပ်လွယ်လွယ်မှန်ဘောင်သွင်း ချိတ်ဆွဲထားလိုက်တယ်။ လက်နှစ် ဖက်ရဲ့ ရွေ့လျားမှုမြူရိပ်ဆန်ဆန်အခိုးအငွေ့တွေထဲမှာပေါ့။ သေချာတာက ဦးခေါင်းပိုင်းဆန်တဲ့ ဧည့်ခန်းထဲကို နေ့လည်စာတွေအပြည့် အသိပ်ထည့်သွင်းဖို့၊ အစပိုင်းမှာ စိတ်ရှည်စွာနဲ့ တစ်နွေလုံးကို ၀န်းရံထားတဲ့၊ အဲဒီလိုဖြစ်လာမယ်ဆိုရင်လည်း ဘယ်တော့မှပြန်တွေ့ရမှာ မဟုတ်ဘူးလို့ ဖြစ်မလာခဲ့ဘူး။ ပွဲတော်ချိန်ကနီးလာပြီ ခွေးခြေပေါ်က စိတ်ကူးသက်သက်ဟာ စကားကပြတ်တောင်းပြတ်တောင်းပဲ၊ သိအောင်ချပြပြန်တော့လည်း ရုတ်တရက်ကြီးပျော်လာဖို့က အတွေးရဲ့ နှစ်ပိုင်းတစ်ပိုင်းတိတိကိုဆိုတာကိုဘာသာပြန်မိရဲ့လားမသိဘူး။ အတက်သုံးလှေကားနဲ့အဆင်းသုံးလှေကားရဲ့ ကွာခြားချက်ကို သိလား။ ထပ်ခိုးက ကျပ်ခိုးဆီကို တစ်ရက်ဘယ်နှစ်ကြိမ်လောက်ရောက်ဖူး လဲ။ အဲဒီခြောက်ထပ်ခြေထောက်တွေက အားလုံးဟာရူးနှမ်းနှမ်းအလှည့်ဖျားခံ စားပွဲခုံဒေါက်တွေလို့ တစ်ခါတရံအဖြစ်အပျက်တွေကို အကြိမ်ကြိမ်တစ်ဆက်တည်းနီးပါးဖြတ်ကျော်ရအုံးမှာ ဒါဟာ နှစ်ပါးသွားစင်တော်ကောက်ခံရတာပဲ။ အခန်းကသိတယ်ပဲဆိုပါစို့၊ အမြစ်ဆန် တဲ့ သေတမ်းစာမှာ ဘာကတိက၀တ်တွေထားပြီး ဟောဒီကော်ဇောအောက်ထဲမှာ ပုန်းခိုနေမှာလဲ။ အားလုံးဟာ ကြမ်းတစ်ပြေးတည်းပါပဲ။ ဒါပေမယ့် အဲဒီကြမ်းတစ်ခုတည်းနဲ့မပြီးပြည့်စုံနိုင်ဘူးဆိုတာ လှည့်လည်ပြောင်းရွေ့နေနိုင်ဖို့ သော့ပေါက်ရဲ့ခါယမ်းလှသော ငယ်ဘ၀ထဲမှာ၊ စာကြည့်ခန်းနဲ့ပတ်သက်တာမှန်သမျှကို၊ မရေရာတဲ့ မျက်နှာကြက်ပေါ်မှာ ကပ်တွယ်နေကောင်းနေနိုင်ပေမယ့်၊ အဲဒီစင်ရဲ့အောက် ထောက်တိုင်ရဲ့အပြင်ဘက် သေချာခြင်းရဲ့အလယ်ဗဟို တစ်ခုတည်းသောရှိနေခြင်းရဲ့အစွန်းမှာ ထုတ်တန်းဟာ အသက်အရွယ်ကြီးရင့်နေ တဲ့ အိမ်တစ်လုံးသာသာ မှန်ကူကွက်ရဲ့ပင့်ကူမျှင်အခန်းဖွဲ့မှာ ဘယ်အရာကိုဖုံးကွယ်ထားခြင်းမျိုးလဲ။ ဘယ်အရာကို ကန့်သတ်ထားချင် တာလဲဆိုတာ သေချာသိပါရဲ့လား။ ခက်တာက အဲဒါကလည်း လာမယ့် တနင်္လာနေ့မှာ အုတ်ဖိနပ်တိုင်ကနေတစ်ဆင့် တွားတွားတက် လာမယ့် သေခြင်းတရားလိုပါပဲ။ လင်းထိန်တောက်ပဖို့ ခဏခဏတွေ့နေလည်း သိလိုလျက်နဲ့ဘာကို တည်ဆောက်ခံအဖြစ်နဲ့ ပုံရှို့မလဲ။ အရှိတရားထဲက ထာဝရပျောက်ကွယ်သွားခြင်းနဲ့ သောက်ရေအိုးစင်ကရွတ်ခွေပေါ်မှာ စံပယ်နေတဲ့ ဝေးကွာခြင်းဆိုတာမျိုးကို ပုဏ္ဍားကွယ် ကနေကြည့်ရင် ဘယ်လိုအဓိပ္ပာယ်မျိုးထွက်လာနိုင်လဲ။ မမြင်ရမသိရသူရဲ့သင်္ကေတဟာ အ၀င်အထွက်လုပ်နိုင်တဲ့အရာတစ်ခုရဲ့ ဘယ် အလွှာမှာ စက်ဖြစ်လာလိမ့်မလဲ။ ပန်းတိုင်မရှိတဲ့ အ၀တ်ကြိုးတန်းပေါ်မှာလား။ အဲဒါကိုပဲ အတိတ်လို့ အခြားအသံတွေကို ရောနှောပစ် လိုက်ဖို့ ရောက်ရှိလာတဲ့ကုထုံးတွေကြား မျက်လုံးဆန်တဲ့ တံခါးပတ္တာရဲ့ဝက်အူမှာ စားတယ်။ အဆုံးအစမဲ့ ဌာပနာမုန့်တစ်ခုထဲမှာ ဖက် ဆစ်ဆိုတာလည်းမရှိတော့တဲ့ သန္ဓေကို မီးပလက်ခုံပေါ်မှာ အဖွင့်အပိတ်ကောင်းကောင်းလုပ်နိုင်အောင် တည်ဆောက်ခံရတဲ့ ကြယ်သီး ပုစ္ဆာပုံရိပ်တုအရိပ်ဖြစ်နိုင်တာပဲ။ ခေါင်မိုးရဲ့ရေခွံဟာ ဆည်းဆာရဲ့နောက်ဆုံးအစလွတ်လပ်ခွင့်ဆိုတာတန်ဖိုးရှိသလဲ။ ကြက်မွေးတစ်ခုရဲ့ လုပ်ဆောင်မှုနှုန်းနဲ့ အမည်နာမတပ်ပြီးသား တီဗီစင်ဒေါက်အောက်မှာ အားလုံးကိုဖွင့်ထားဖို့ တချွင်ချွင်မြည်လျက်ရှိတဲ့ ပြောင်းလဲခြင်းတစ် သက်တာ၊ ဒါက အလိုလျောက်ဖြေကြားတတ်တဲ့ ဗီရိုအယောင်ဆောင် ဒြပ်သားတစ်ခု၊ ပေါင်းဖက်ဖို့လျာထားခံရတဲ့ ပရိုဂရမ်ထဲ အချိန်ဆို တာဟာ အသံချဲ့စက်တစ်ခုရဲ့ ခွဲခြားမှု၊ အဖွင့်သမားဟာ ကန့်သတ်ချက်တွေထဲမှာ ဘယ်စနစ်ဘောင်ထဲရှိနေလဲ။

၎င်း(18.1.2018)

No comments: