Friday, January 1, 2016
အမွေးဖြူ
ညာဖက်လက်မောင်းရဲ့အလယ်တည့်တည့်မှာ
တိတိကျကျပြောရရင်
ညာဖက်လက်မောင်းရဲ့ အလယ်တည့်တည့်မှာ
ရှည်လျားတဲ့ အမွေးဖြူတစ်ပင်ပေါက်နေခဲ့ဖူးတယ်
အမွေးက သတိထားမိတဲ့အချိန်တိုင်းရှည်
လာနေတာတွေ့ခဲ့ရတယ်
၂လက်မကျော်ကျော်အထိပေါ့
ဆံပင်မွေးလိုရှည်လာရင်၊ နှုတ်ခမ်းမွေးလိုရှည်လာရင်
လိင်အင်္ဂါမွေးလိုသန်မာလာခဲ့ရင်
ဘာအမွေးလို့ နာမည်တပ်ပြီး
ဘယ်လိုထိန်းသိမ်းရမလဲ
အဲဒီ အမွေးက အဖြူဆိုပေမယ့်
ဖျော့တော့မှိန်လျော့နေတာကြောင့်
တစ်ခါတရံ ပျောက်ဆုံးနေတတ်တယ်
တစ်ခါတရံ ကြည့်နေရင်းနဲ့ပျောက်ပျောက်သွား
တစ်ခါတရံ ပျောက်နေရင်းနဲ့ပေါ်ပေါ်လာ
တတ်တယ်
ရံဖန်ရံခါ သတိရမိလိုက်၊ ရံဖန်ရံခါမေ့ပျောက်လိုက်နဲ့
နေသာတဲ့နေ့တစ်နေ့မှာ
အမွေးဖြူရဲ့ထုံးစံအတိုင်း တစ်ခါတရံဖြစ်နေကြ
အတိုင်း ပျောက်သွားခဲ့တယ်
သေချာရှာတယ်
အထပ်ထပ်ရှာတယ်
မတွေ့တာကို သိတဲ့အထိသေချာသလောက်နီးပါး
ရှာခဲ့တယ်
တစ်ခါတရံဖြစ်စဉ်ထက်ကျော်ပြီး
တကယ်ဖြစ်သလောက်နီးပါး
မတွေ့တော့ဘူး
ဘယ်မှာကျွတ်ကျခဲ့လဲ
ဘယ်နေ့ကလဲ၊
ဘယ်အချိန်မှာလဲ
ဘာကြောင့်လဲ
ဘာဆက်ဖြစ်သွားလဲ
ဘယ်သူ့ကိုသွားမေးရမလဲ
မရှိတာ့ဘူးလို့ သေချာသလောက်ဖြစ်ပြီးတဲ့နောက်
ညာဖက်လက်မောင်းရဲ့အလယ်တည့်တည့်
အဲဒီနေရာမှာ
အမွေးဖြူတစ်ပင်ကို အချိန်အတော်အတန်ကြာမှာ
ပြန်လည်တွေ့ရှိခဲ့တယ်
အမွေးဖြူအသစ်လား
အမွေးဖြူအဟောင်းလား
၎င်း(1.1.2016)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment