ကျွန်တော်အ၀ါရောင်ကော်ဇော်နဲ့ အစိမ်းနုရော့ရောင်ကော်ဇောစပ်ကြားမှာထိုင်ပြီး
ကဗျာရေးနေတယ် မျက်ခုံးမွှေးယားလို့ ဘယ်လက်မနဲ့ကုတ်တယ် အချိန်က
နေ့လည် ၁၁း၀၀နာရီ အင်တာနက်ဆိုင်မသွားဖြစ်တာကြာပြီ ဒေါင်းလော့လုပ်ထားတဲ့
ဓါတ်ပုံ၊ သီချင်း၊ pdf ဖိုင်တွေအားလုံး ဟိုတလောက မန်မိုရီကဒ်နဲ့အတူပြန်မလာ
တော့ဘူး သန်လျင်တံတားပေါ်အနေမြင်ကွင်းကျယ်ကို တစ်ခေါက်လောက်
ဓါတ်ပုံရိုက်ချင်တယ် လိုအပ်ရင်ကဗျာတစ်ပုဒ်လောက်ထပ်ထွက်မှာလို့တွေးဖြစ်ဖို့
မသေချာ ညကအိပ်မက်ထဲမှာ အိမ်နောက်ဖေးက ဇွန်းကိုထိုင်ရက်နဲ့ထမင်း
စားပွဲကနေယူနိုင်ပြီး ပြန်ထားတဲ့အခါ သိပ်မကွာတဲ့ အိပ်ခန်းထဲပစ်ထည့်ရုံနဲ့
သူ့နေရာသူပြန်ရောက်တယ်တဲ့ ရွှံ့စေးကန်ဘောင်ပေါ်မှာ ငါးမျှားနေတဲ့ လူတွေ
ကြားမှာ သူငယ်ချင်းသတင်းထောက်ကိုတွေ့လို့ သူက အလုပ်ပြီးလို့ငါးမျှားနေပုံပဲ
မေးခွန်းတွေမေ့သွားတယ်လို့ ပါးစပ်ကပြောတယ် ဖုန်အလူးလူးနဲ့သစ်ရွက်
ခြောက်တွေကြား ခြေဆီနဲ့ချောနေတဲ့ aerosoft ဖိနပ်စီးရင်းအိမ်ပြန်တာပြန်မှတ်မိ
ခြေတံရှည်ရှည်တဲကို အခုထိမမြင်ဖူးသေး ဒါပေမယ့် ဗေဒါပင်တွေပြည့်နေတဲ့ ချောင်းထဲမှာ
မော်တော်စီးခဲ့ဖူးတယ် ဂျွန်အက်ဘယ်ရီရဲ့ကဗျာခါင်းစဉ်လို ဟောဒီ ခြေတံရှည်ရှည်နဲ့
မြို့ကြီးပြကြီးတွေထဲမှာ လူတွေရောက်လာကြ ပြန်သွားကြ မြင်ကွင်းတွေဟာ
တဖြည်းဖြည်းရှုပ်ထွေးပွေလီလာတယ် ခုဆိုနေရောင်အောက်ကို အကာအကွယ်မပါဘဲ
မသွားနိုင်ဘူး လိမ္မော်ရောင်ဂြိုလ်တုစလောင်း၊ သေတ္တာဘေးထိုင်နေရင်းနဲ့
သစ်သားဘောင်ကြားထည့်ထားတဲ့ သံဇကာပြတင်းပေါက်ကနေမြင်ရတယ်
မက်တွိန်း(အမေရိကန် စာရေးဆရာ) အသက်၁၂နှစ်အရွယ် မစ်ဆိုရီကိုရီးယား
ဂျာနယ်တိုက်တွင် ပုံနှိပ်လက်တိုလက်တောင်းဝင်ရောက်လုပ်ကိုင်တယ်
ယင်းတိုက်တွင်ပညာသင်အဖြစ်နှစ်နှစ်တိတိလုပ်ကိုင်စဉ်အတွင်း သူ့တာဝန်
လုပ်ငန်းတွေက မနက်စောစောထ မီးမွှေး၊ တံမြက်စည်းလှည်း၊ ဖုန်သုတ်
ခဲစာလုံးရွေး၊ ဖယောင်းတိုင်မီးရောင်တွင်စာစီ၊ စက္ကူခေါက်၊
ဂျာနယ်တွေပို့ရန် လိပ်၊ ကြာသပတေးနေ့နံနက်တိုင်း လေးနာရီတွင်ထ
တစ်လမ်းဝင်တစ်လမ်းထွက် ဂျာနယ်ပို့ မြေနဲ့လုပ်ထားတဲ့ အုပ်ကြွပ်ပြားတွေနဲ့
အိမ်အလှဆင်တည်ဆောက်တာနှစ်သက်မိတယ် အခုဆို မြန်မာနိုင်ငံမှာကိုယ်တိုင်
ထုတ်ပြီး ပြည်ပကိုတင်ပို့ပြီတဲ့ ဤသို့ဖြင့် ရေချိုးခန်းထဲက ဆပ်ပြာနံ့ရပြီး
တောအုပ်ကြီးကို မျက်စိထဲမြင်ယောင်လာတယ်။ ။
၎င်း(9.12.2013)
No comments:
Post a Comment