Wednesday, June 25, 2014

တိုးတက်မိတဲ့/ဘေးထွက်နေတဲ့/ကြားညပ်နေတဲ့ ကျွန်တော်တို့

 
ရေနွေးသောက်တော့မှ သွားနာနေမှန်းသိရတယ်
တကယ်ဆို OT မဆင်းလို့ လစာထဲက အဖြစ်ခံရတာမှာ
ဂနာမငြိမ်မှုဟာ သူကိုယ်တိုင်မြေခွေးမဟုတ်တဲ့အတိုင်း ခပ်တည်တည်နဲ့
အခုစားလိုက်တဲ့ထမင်းပန်းကန်နဲ့ မနက်ဖြန်စားဖို့မမျှော်လင့်နဲ့
ကျည်ဆန်ရထားလို
ဘ၀ရှင်သန်မှုမှာ
ခေတ်ဟာနှာစေး
ကျွန်တော်တို့ဟာ ဖီးနစ်ငှက်မဟုတ်ဘူးနော်
ကမ္ဘာပေါ်တက်ရပ်ရင်း နေကိုအခမဲ့
လှည့်ပတ်ခွင့်နဲ့ကြည့်ခွင့်ရတာကိုက မနည်းဘူးတဲ့
ဟုတ်ရင်ဟုတ်မှာပါ
ပစ္စည်းတစ်ခုကိုတစ်စစီဖြုတ်ပြီး
ပြန်တပ်လိုက်တော့ ပိုထွက်လာတယ်ဆိုတဲ့ ကလီစာတွေလေ
တစ်နာရီတိုင်းမှာ
ကလေးပေါင်းတစ်သောင်းဟာ ကမ္ဘာပေါ်ရောက်လာ
ပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းလှုပ်လို့ရဖို့
လေးလံတဲ့ယန္တရားတွေက ဆွဲဆန့်ဆိုင်းငံ့
ချောဆီနဲ့စွမ်းအင်တွေဟာ အလျော်အစားမရှိ ယုတ်စွအဆုံး
သူတို့ကိုယ်၌သူတို့မဖြစ်သလိုဖြစ်နေရ
Chaos ဆိုတာလဲ
အဓိပ္ပါယ်ကတော့ စက်လှေကားပေါ်တက်ရပ်လို့
ဘတ်စ်ကားပေါ်ရောက်ရင် သတိပေးချက်တွေက ပရပွ
၂နာရီစာ အောက်စီဂျင်တစ်ဘူးကို ၅၀၀၀တဲ့
နေရာတိုင်းရဲ့ထုံးစံက ထုံးစံအတိုင်းနေရာတကာမှာ
အစိမ်းရောင်ရုပ်ပြတွေဟာ
ကျွန်တော်တို့ဟာ
ခေတ်ရဲ့ ကား ဆား ဂါး လား တွေ
ဂိုးဒင်းဂိတ်တံခါးအ၀/အစ
အီဖဲလ်မျှော်စင်၊ အန်ကောဝတ်ကျောင်းတော်၊ ဂရိတ်ဝေါ၊ ပိရိမစ်ကြီးများ၊
သန့်ရှင်းရေးစက်ရုပ်၊ Computer, Passward, Virus, မေထုံမဲ့မိတ္တူပွားသားစပ်မှု၊
နူကလီးယား၊ အမောတကောနဲ့အိပ်မပျော်မှု၊ ရော်ဘာပွင့်
ပြီးတော့ တို့သဲအိမ်တွေကိုရေတွေကတိုက်စား၊ အုပ်စုလိုက်အစုပ်လိုက်အစုပ်လိုက်
အလှန်းခံရတဲ့ ငါးခြောက်တွေ
ဟ,နေတဲ့နှာခေါင်းပေါက်ထဲ
ပိုက်နဲ့အစာသွင်း ခေတ်နဲ့လိုက်လျောညီထွေနေတတ်ခြင်း
အ၀တ်စလစ်မဖြစ်ရင်ခေတ်မမှီ
အကောင်ကြီးလို့ကတော့ တစ်ခါပြီးတစ်ခါပြန်ပြန်
လျှောက်ရတဲ့ဂဏန်းလို
“ခေါက်ရေတောင်နည်းသွားလားမသိဘူး” လို့ ပြောသံမဖြစ်မနေကြားရမယ်
ဟိုအရင်ကအကြောင်းအရာတွေဆိုတာ
သိပ်နားထောင်ကောင်းတဲ့ အိပ်ယာဝင်ပုံပြင်တွေ၊ သားချော့တေးတွေ၊ အဆန်းတကြယ်နဲ့
သူတို့လှည့်စားမှု မျက်စိမှိတ်လို့
ဒဏ္ဍာရီတွေပဲ
ဒဏ္ဍာရီတွေ

“အဲဒီသေတ္တာအခွံကိုတော့ ဘယ်တော့မှဖွင့်မကြည့်လေနဲ့
မျှော်လင့်ချက်တွေရှိတယ်ဆိုလား”
ကျောပြင်ကခြေရာဟာ ခုထိရှိနေသေးတယ်
ကမ္ဘာ့မြေပုံထဲမှာ
ကျွန်တော်တို့မြေပုံဟာမရှိ
ညီးညှူသံတွေဟာ ဖွင့်ထားတဲ့အခန်းတိုင်း ခင်းထားတဲ့ဖျာအောက်က/ဖျာအောက်ဝင်နေမိတဲ့
ဂျပိုးတွေလို



၎င်း(13.11.2011)

No comments: